Thursday, September 11, 2014

သာသနာပြုခြင်း နှင့် သာသနာနှောင့်ယှက်ခြင်း (ဆောင်းပါး) - အရှင်ဥတ္တရ-ပြည်

သာသနာပြုခြင်း နှင့် သာသနာနှောင့်ယှက်ခြင်း

သာသနာပြုခြင်းနှင့် ပတ်သက်၍ (၂၂.၇.၂၀၀၂)နေ့ထုတ် ကြေးမုံသတင်းစာပါ
'သာသနာဟူသည်'ဆောင်းပါး၌ 'ကထိကရဟန်း'က ဤသို့ရေးသားထား၏။

ထိုသို့ အမှန်တကယ် သာသနာပြုနေသူ
(စာချဆရာတော်,တရားပြဆရာတော်,
ဓမ္မကထိကဆရာတော်တို့က သာသနာပြုပုဂ္ဂိုလ်များဟု အမည်မခံဘဲ
အထက်လမ်း,အောက်လမ်း,ဘိုးတော်,
ထွက်ရပ်ပေါက် အစရှိသည်တို့ဖြင့်
စီးပွားရှာနေသူတို့က သာသနာပြုအမည်ခံ 'သာသနာ'ဟူသော စကားလုံးကို
နှုတ်ကမချဘဲ သာသနာ့အလံတွေ တလူလူလွှင့်ထူနေကြ၏။
အတုနှင့်အစစ်တို့မှာ ကွဲပြားခြားနား၏။
အတုတို့သည် ပေါ်လွင်လိုကြ၏။
ဖော်ပြကြ၏။ပေါ်လည်းပေါ်လွင်နေကြ၏။
ပေါ့လည်းပေါ့၏။
အစစ်တို့မှာ မပေါ်လွင်လိုကြ။
မထုတ်ဖော်ကြ။လျှို့ဝှက်ကြ၏။
ထို့ကြောင့်...လူသိနည်း၏။
သို့သော် လေးနက်၏။
အတုတို့၏ လုပ်ငန်းတို့မှာ အကြားအမြင်ပေါက်သလိုလိုလှိမ့်သည်။
အထင်ကြီးအောင် ဟန်ဆောင်သည်။
အသက်ပိုပြောသည်။
ဂဏန်းပေး,အခါပေး,ယတြာလုပ်,
သစ်ပင်ထောင်ပြည့်စိုက်,ညွှန်ကြားလွှာ အမှတ်(၄၁)ကိုမျက်ကွယ်ပြု၍
ဘုရားတွေ စည်းမဲ့ကမ်းမဲ့ ဟိုတည်သည်တည်လုပ်သည်။
'ငါ့ကျောင်းက ဦးဇင်း ဆေးလိပ်သောက်တာ မင်းတို့သာသနာပိုင် ဘုရားတည်တာလောက် အပြစ်မကြီးပါဘူး'ဟူသော စာတတ်အကျော်
ဆရာတော် ဦးဗုဒ်၏ စကားကို
သတိပြုသင့်ကြ၏။
ဤအလုပ်များကို လုပ်ကြသူတို့မှာ
ဘုရားရှင် ပရိနိဗ္ဗာန် စံသောအခါ 'ငါတို့လွတ်လပ်ပြီ လုပ်ချင်တာလုပ်တော့မယ်'
ဟု ဝမ်းသာရွှင်မြူး ရင့်ကျူးပြောဆိုသော
သုဘဒ္ဒမည်သော တောထွက်ရဟန်းကြီး၏
အဆက်အနွယ်များဖြစ်ကြသော တောထွက်ခင်ကြီးများ , ကျမ်းဂန်စာပေအလွတ်ခွာ ကြိုက်ရာထင်တိုင်းကျင့်နေကြသည့်
ပရိယတ္တိ ငယ်ဖြူများ ဖြစ်သည်' ဟူသည်တည်း။
ယခုလည်းကြည့်ပါ...
ဘိုးတော်အောင်မင်းခေါင်ထွက်ပွဲ ဟုဆိုကာ
တောင်ပေါ်တွင် ပွဲများလုပ်၍ အသံချဲ့စက်ဖြင့် နားမခံသာအောင် တဒုန်းဒုန်း
ဖွင့်နေကြလေသည်။
ပါးစပ်မှလည်း 'သာသနာပြုပွဲ'ဟူသည့် စကားကို အထပ်ထပ် သုံးနေကြသည်။
သာသနာဟူသည်မှာ သုံးမျိုးသာရှိပေသည်။
ပရိယတ္တိသာသနာ(စာပေကျမ်းဂန် သင်ကြားပို့မှု့)
ပဋိပတ္တိသာသနာ (ကျင့်ကြံမှု့)
ပဋိဝေဒသာသနာ(ထိုးထွင်းသိမြင်မှု့) တို့ဖြစ်သည်။
ထိုသာသနာသုံးမျိုးတွင်
အထက်ပါဆူပွဲ ညံပွဲ သည် အဘယ်သာသနာကို ပြုပါသနည်း။ သာသနာပြုရာမရောက်သည့်အပြင် သာသနာကိုပင်
နှောင့်ယှက်ရာ ရောက်လေသည်။
အဘယ့်ကြောင့်ဆိုသော် ထိုသို့တောင်ပေါ်ရှိ ဆူညံသံများကြောင့်
တောင်အောက်ရှိ စာသင်တိုက်များမှာ ပရိယတ္တိသာသနာကို သင်ယူပို့ချနေကြသော သံဃာတော်အရှင်သူမြတ်တို့အား များစွာ အနှောင့်အယှက်ဖြစ်ရသောကြောင့်တည်း။
ထို့ကြောင့် ပါးစပ်က သာသနာပြုသည် ဟု အော်နေကြပြီး တကယ့်လက်တွေ့မှာ သာသနာနှောင့်ယှက်သူများ မဖြစ်ကြပါစေရန်
အမုန်းခံ၍ သတိပေးအပ်ပါ၏။

အရှင်ဥတ္တရ-ပြည်
ခေတ္တ လူ့ဘုံ

No comments:

Post a Comment