Tuesday, December 30, 2014

အရှင်အဂ္ဂသမာဓိသို့.... ထွန်းနောင်(ဖောင်းပြင်)

"အရှင်အဂ္ဂသမာဓိသို့"
(နတ်တော်လပြည့်စာဆိုတော်နေ့
အမှတ်တရ)

စာဆိုတော်လ ရောက်ပြန်ကလျှင်
မှန်စွထန်ပြင်း လွမ်းဆွတ်ခြင်းနှင့်
လွန်မင်းတမ်းတ သတိရသည်
အင်းဝခေတ်က စာဆိုကျော် ။

စာဆိုကျော်၏ စာတော်ပျိုးခင်း
ပျို့မင်းလင်္ကာ တစ်နေရာ၌
"ယောက်ျာ့တံခွန် လူရည်မွန်က
မိုးစွန်အထွတ် ကြယ်ကိုဆွတ်သို့"
မချွတ်မှန်စွာ တွေ့ရပါမှ
ရင်လွှာအကြား ရှိငြားဝေဒနာ
ပျောက်ရပါ၏ ။

ဤလင်္ကာစု မည်သူပြုနည်း
သိမှုကင်္ခါ ကျွန့်ရင်လွှာဝယ်
နှစ်တာရှည်စွာ ကြာခဲ့ပါပြီ ။

နေမိဘုံခန်း စာမျိုးပန်းကို
ကြိုးပမ်းဖွေကာ ရှာဖတ်ပါမှ
ရင်မှာဆန္ဒ ကျွန်ပြည့်ဝသည်
အဂ္ဂသမာဓိ ထေရ်အရှင် ။

အို . . အရှင်အဂ္ဂသမာဓိ
အဂ္ဂသမာဓိ အို . အရှင်
အရှင့်စာမှာ တွေ့ရပါသည်
မှန်စွာလောက ကြုံတွေ့ကြသည့်
ဖြစ်ရပျက်ပြန် လောကဓံ ။

အို . အရှင်ငဲ့
အရှင်ကွယ်တာ ကြာခဲ့ပါလည်း
ကဗျာပျိုးခင်း သင့်ပျို့မင်းကား
မွှေးသင်းထုံပျံ့ ဆင်းရနံ့ ။

ဆင်းရနံ့စုံ မွှေးပျံ့ထုံသည့်
လုံးစုံလင်္ကာ ရှင့်ကဗျာကား
ခေတ်ခါဆက်ဆက် စံမီလျက်သာ
နှစ်သက်ကြာရှည် ကျွန်ယုံကြည် ။

ယုံကြည်မိရင်း တမ်းတရင်းမှ
လွမ်းချင်းလင်္ကာ ရေးဆက်ပါသည်
ပျို့စာဆိုရှင် ကြားစေသောဝ် ။
ရောက်ရာဘဝက သာဓုခေါ် ။ ။

ဝန်ခံချက်။ ။ ဆရာကြီးဒေါင်းနွယ်ဆွေ နှင့် ဆရာကြီးမင်းယုဝေတို့၏ ရေးသား ဟန်ကို မှီငြမ်းရေးသားပါသည်။
ထွန်းနောင်(ဖောင်းပြင်)

No comments:

Post a Comment