ငါးအာရုံဘင်အစု၊ ခင်မှုနဲ့နေ့ကုန်။
နင်ယခုမေ့ပုံလို၊ တွေ့မကြုံစခန်း။
ပါယ်လေးဝ သောကဘုံမှာ၊
မျောရရုံ ရှိတော့မခန်း။
အောက်ဝီစိ သေခင်းအငူမှာ၊
ခေါင်းမပြူစတမ်း။
နှစ်အရှည် နစ်မည်လမ်းကိုလ၊
နင်မျှော်စမ်း နင့်ကိုယ်။
ဒေသနာထင် အလင်းရယ်နှင့်၊
နင့်အဖျင်း ပိုထက်သာပို။
သည်လောဘ စရိုက်အိုကို၊
မလိုက်လို ရှောင်ပစ်လို့၊
နောင်အသစ် တကယ်ပြင်လျှင်၊
ကောင်းဘို့အစဉ်။
ခွင့်သာခိုက်မှ မလိုက်ချင်လျှင်၊
အမိုက်နှင့်ပြင် ရှိသေးလေလိမ့်လား။
ခွင့်သာဆဲမှ မခဲချင်လျှင်
အလွဲနှင့်ပြင် ရှိသေးလေလိမ့်လား။
ခွင့်သာတုန်းကမှ မရုန်းချင်လျှင်၊
အရှုံးနှင့်ပြင် ရှိသေးလေလိမ့်လား။
❆ လယ်တီဆရာတော် ❆
No comments:
Post a Comment